အာရှဖွံ့ဖြိုးရေးဘဏ်-အာဆီယံ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအစဉ်
(ADB- ASEAN Road Safety Program)
၁။ ယာဉ်မတော်တဆ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုနှုန်း တိုးတက်များပြားနေရာ ကမ္ဘာနှင့် အဝန်းလူသေဆုံးမှုမှာ တစ်နှစ်လျှင် ၁ သန်းကျော်သေဆုံးပြီး၊ ၂၃ သန်းကျော် ဒဏ်ရာရရှိနေပါသည်။ ကမ္ဘာနှင့် အဝန်းလူသေဆုံးမှု၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သေဆုံးနေကြခြင်း ဖြစ်ပါသည်။ ယာဉ်တိုက်ခိုက်မှုအန္တရာယ်သည် အာရှ-ပစိဖိတ်ဒေသတွင် အဆိုးဝါးဆုံးဖြစ်ပွားလျှက်ရှိသည်ကို တွေ့ရှိရ ပါသည်။ အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့မော်တော်ယာဉ်စီးရေ၏ ၁၆ ရာခိုင်နှုန်းသာ ပိုင်ဆိုင်သော်လည်း ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးမှုသည် ကမ္ဘာပေါ်တွင်သေဆုံးမှု၏ ၄၄ ရာခိုင်နှုန်းထိ ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၂။ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးလာမှုကြောင့် မော်တော်ယာဉ် စီးရေ တိုးတက်များပြားလာပြီး ယာဉ်မတော်တဆတိုက်မှုများသည်လည်း ပိုမိုများပြား လာကြောင်း တွေ့ရှိရပါသည်။
၃။ ယာဉ်မတော်တဆထိခိုက်မှုသည် ကျန်းမာရေးထိခိုက်ဆုံးရှုံးမှုသာမက လူမှုရေး၊ စီးပွားရေး ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်စေသဖြင့် ယာဉ်မတော်တဆထိခိုက်မှုကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ်လာကြောင်း တွေ့မြင်ယူဆလာကြပါသည်။
၄။ သို့ဖြစ်၍ ၁၉၉၈ခုနှစ်၊ စက်တင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော (၄)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး (The Fourth ASEAN Transport Ministers Meeting) တွင်အာဆီယံဒေသတွင်း ယာဉ်အန္တရာယ်ကင်းရှင်း ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း သဘောတူခဲ့ကြပါသည်။ ထို့ကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကိစ္စများကို အာဆီယံနိုင်ငံများအချင်းချင်း ဆွေးနွေးနိူင်ရေး အတွက် Successor Plan of Action in Transport (1999-2004) တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးကဏ္ဍ(Road Safety Sector)ကို ထည့်သွင်းခဲ့ပါသည်။
၅။ ၂၀၀၂ ခုနှစ်၊ သြဂုတ်လ (၅-၆) ရက်နေ့၊ ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော (၆)ကြိမ်မြောက် အာဆီယံကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (The Sixth ASEAN Land Transport Working Group) အရ အာဆီယံဒေသတွင်း ယာဉ်တိုက်ခိုက်မှု လျော့နည်းစေရေးအတွက် နည်းပညာ အကူအညီရယူရန်လိုအပ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာရှ ဖွံ့ဖြိုးရေးဘဏ်သို့ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အကူအညီတောင်းခံခဲ့သည့်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် အထောက်အပံ့ဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်-အာဆီယံ ယာဉ်အန္တရာယ်ကင်းရှင်းရေး အစီအစဉ် စတင်ဆောင်ရွက်ခဲ့ပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ်-အာဆီယံ ယာဉ်အန္တရာယ် ကင်းရှင်းရေး အစီအစဉ်အရ အာရှဖွံ့ဖြိုးရေးဘဏ်မှ ယာဉ်အန္တရာယ်ကင်းရှင်းရေး အချက်အလက် ရှာဖွေစုဆောင်းရေးမစ်ရှင် အဖွဲ့သည် အာဆီယံနိုင်ငံများသို့ သွား ရောက်၍ နိုင်ငံအလိုက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်တွေ့ဆုံကာ နိုင်ငံအတွင်း ယာဉ်အန္တရာယ်ကင်းရှင်း မှုနှင့်ပတ်သက်ပြီး အားနည်းချက်များ၊ လိုအပ်ချက်များရှာဖွေ ညှိနှိုုင်းပြီး လိုအပ်သည်များကို ဖြည့်ဆည်းအကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အချက်အလက်စုဆောင်းရေး မစ်ရှင် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၀၂ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၅)ရက်နေ့ထိ လာရောက်ခဲ့ပါသည်။ ယင်းသို့လာရောက ်လေ့လာစဉ်ကာလ အတွင်း မြန်မာနိုင်ငံတွင် လက်ရှိယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေသည့် အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အနာဂတ်၌ အာဆီယံဒေသတွင်း ပိုမိုကောင်းမွန်သော ယာဉ်အန္တရာယ် ၊လမ်းအန္တရာယ် ကင်းရှင်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ညှိနှိုင်းဆွေးနွေးပွဲများ စဉ်ဆက် မပြတ်ဆောင်ရွက်ပြီး ထိုမှတဆင့် နိုင်ငံအဆင့် လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ဆောင်မည့်စီမံချက်(National Action Plan)ကို ရေးဆွဲချမှတ်မည်ဖြစ်ပါသည်။ ဤသို့ဖြင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာစသည်ဖြင့် နိုင်ငံအသီးသီး၏ Action Plan များမှတဆင့် အာဆီယံဒေသတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်း စီမံချက် (ASEAN Regional Road Safety Action Plan) ကို ရေးဆွဲကြမည်ဖြစ်ပါ သည်။
၆။ သို့ဖြစ်၍ အာရှဖွံ့ဖြိုးရေးဘဏ်-အာဆီယံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ရေးအစီအစဉ်အရ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်၂၀၀၄ခုနှစ်၊ မတ်လ(၁၅)ရက် မှ (၁၉)ရက်ထိနိုင်ငံအဆင့် လမ်းအန္တရာယ် ကင်းရှင်းရေးဆွေးနွေးပွဲ နှင့်လုပ်ငန်းစီမံ ချက် ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲ (Myanmar National Seminar and Action Plan Preparation Workshop) ကို ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း စီမံချက် (မူကြမ်း) ထွက်ပေါ်လာ ခဲ့ပါသည်။
၇။ မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းအစီအစဉ် (မူကြမ်း) ၂၀၀၃-၂၀၀၅ ကို နိုင်ငံများစွာထဲမှအောင်မြင်၍ လက်တွေ့ကျင့်သုံး နေသည့် နိ်ုင်ငံအဆင့်၊ ဒေသအဆင့် အစီအစဉ်များအပေါ် နမူနာယူ ရေးဆွဲထားပါသည်။ မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းအစီအစဉ်(မူကြမ်း)ကို အာရှဖွံ့ဖြိုးရေးဘဏ်-အာဆီယံဒေသဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ် အဖြစ်ရေးဆွဲခြင်းဖြစ်ပြီး ကုလသမဂ္ဂ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် နှင့်ကမ္ဘာ့ဘဏ်တို့က ထုတ်ထားသော လုပ်ငန်းအစီအစဉ် လမ်းညွှန် များကိုလိုက်နာ ရေးဆွဲထားခြင်းဖြစ်ပါသည်။ အဆိုပါလုပ်ငန်း အစီအစဉ်မူကြမ်းကို အကောင်အထည် ဖော်ရာတွင် ဝန်ကြီးဌာနများနှင့် အစိုးရဌာနများ၊ ပုဂ္ဂလိကနှင့် လူမှုရေးအဖွဲ့အစည်း များက ပေါင်းစပ်ဆောင်ရွက် သွားကြရန် လိုအပ်ပေသည်။
၈။ မြန်မာနိုင်ငံအနေဖြင့် မော်တော်ယာဉ်ကြောင့် မတော်တဆထိခိုက်မှုဖြစ်ရာမှာ နှစ်စဉ်မြန်မာ နိုင်ငံသားများစွာသေဆုံးမှု၊ မစွမ်းမသန်ဖြစ်မှုများကြောင့် စီးပွားရေးအရ လည်းကောင်း၊ လူမှုရေးအရလည်းကောင်း ကြီးမားစွာဆုံးရှုံးနေရကြောင်း၊ တန်ဖိုးအားဖြင့် ကျပ်သန်း(၉၄၀၀၀)၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၃% ခန့်ရှိကြောင်း အသိအမှတ်ပြုရန်နှင့် ယင်းပြဿနာကို အလျှင်အမြန်ဖြေရှင်း ရန်လိုအပ်ကြောင်း တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်က ရင်ဆိုင်နေရသည့် ဤအရေးပေါ်ပြဿနာ ကို ဖြေရှင်းနိုင်ရန် လုံလောက်သောရန်ပုံငွေ ခွဲဝေချထားပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး အခြေအနေများမှာ တသမတ်တည်း တည်တံ့နေသည်မဟုတ်သည့်အတွက် အန္တရာယ် ကင်းစေမည့် အကျိုးတရားများ ခံစားရရှိနိုင်ရန်အတွက် တိုးမြှင့်အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ မော်တော်ယာဉ်များ ပိုမိုများပြား လာခြင်း၊ မော်တော်ဆိုင်ကယ်ကဲ့သို့ အကာအကွယ်မဲ့သည့်ယာဉ်များ (၇၁%) ရှိနေခြင်း၊ ဘက်မှားသည့်ညာဘက်တွင် လက်ကိုင်ဘီးပါမော်တော်ယာဉ် အများအပြားရှိခြင်းနှင့် မောင်းနှင်သွားလာနေသည့် ယာဉ်များ၏ အမြန်နှုန်းများ ပြားလာခြင်းတို့ကြောင့် မော်တော်ယာဉ် သွားလာမှုပတ်ဝန်းကျင် အခြေအနေတွင် ယာဉ်တိုက်ခိုက် ပျက်စီးမှု နှုန်းလျော့ချရန် မလွယ်ကူကြောင်း နားလည်ထားရပေမည် ဖြစ်ပါသည်။
၉။ မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းအစီအစဉ် (၂၀၀၃-၂၀၀၅)သည် လက်ရှိအခြေအနေကို ထည့်သွင်းတွက်ချက်လျှက် နောက်(၅) နှစ်အတွင်း လက်ရှိသေဆုံးမှုတိုးနှုန်း(တစ်နှစ် ၆.၄% ခန့်) ကို (တစ်နှစ် ၃.၂%)သို့ လျော့ကျစေရန်ရည်မှန်းပြီး အောက်ဖော်ပြပါ အဓိက ဦးတည်သတ်မှတ်ချက်များ ချမှတ်ခဲ့ပါသည်-
(က) နှစ်စဉ်လူသေဆုံးမှု တိုးနှုန်းကို နောက်(၅)နှစ်အတွင်း တစ်ဝက် လျော့ကျ စေ၍လူ့အသက် ပေါင်း ၉၄၀ ကို ကယ်တင်ရန်၊
(ခ ) သေဆုံးမှုနှုန်းကို ၂၀၀၃ ခုနှစ်တွင် မော်တော်ယာဉ်စီးရေ ၁၀၀၀၀ လျှင် လူ ၂၇ဦး သေဆုံးနေသည့်နှုန်းမှ ၂၀၀၈ ခုနှစ်တွင် မော်တော်ယာဉ် စီးရေ ၁၀၀၀၀ လျှင် လူ ၂၀ ဦးသာ သေဆုံးသည့်နှုန်းသို့ သေဆုံးမှုနှုန်း ကို ၂၅% လျော့ချရန်၊
(ဂ ) တစ်ပြည်လုံးတွင် မော်တော်ဆိုင်ကယ်စီးသူ ၉၀%က မော်တော်ဆိုင် ကယ်စီးဦးထုပ် ဆောင်းစေရန်၊
(ဃ) တစ်ပြည်လုံးတွင် မော်တော်ယာဉ်အသုံးပြုသူ ၇၀%က အသက်ကယ် ခါးပတ်ပတ်စေရန်၊
၁၀။ ထို့အပြင် မြန်မာနိုင်ငံယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း အစီအစဉ်တွင် ကဏ္ဍ(၁၅)ခု ခွဲခြားထားပါသည်။ ကဏ္ဍများတွင် လုပ်ငန်းစုံပါဝင်ပြီး ကျယ်ပြန့်သည့် နည်းလမ်းများပါရှိပါသည်။ လုပ်ငန်းအစီအစဉ်တွင် ပါဝင်သောကဏ္ဍ (၁၅)ခု မှာ အောက်ပါတို့ဖြစ်ပါ သည်-
(က) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ညှိနှိုင်းဆောင် ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း
(ခ ) ယာဉ်တိုက်မှုဆိုင်ရာ သတင်းအချက်အလက်စနစ်
(ဂ ) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာငွေ ရှာဖွေခြင်း
(ဃ) ဘေးအန္တရာယ်ကင်းရှင်းစေသည့် လမ်းများစီမံဆောင်ရွက်ခြင်းနှင့်ဒီဇိုင်း ရေးဆွဲခြင်း
(င ) ဘေးအန္တရာယ်ဖြစ်လေ့ရှိသောနေရာများအား ကောင်းမွန်အောင်ပြုပြင် မွမ်းမံခြင်း
(စ ) ကလေးသူငယ်များအား ယာဉ်အန္တရာယ်ကင်းရှင်းရေးပညာပေးခြင်း
(ဆ) ယာဉ်မောင်းသူများအား သင်တန်းပေးခြင်းနှင့်စစ်ဆေးခြင်း
(ဇ ) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လှုပ်ရှား မှုများဆောင်ရွက်ခြင်း
(ဈ ) ယာဉ်အန္တရာယ်ကင်းစေရေးအတွက် မော်တော်ယာဉ်များ၏ စံသတ် မှတ်ချက် /လမ်းပေါ် တွင် အန္တရာယ်ကင်းစွာသွားလာနှိုင်မှု
(ည) မော်တော်ယာဉ်ဥပဒေနည်းလမ်းများ
(ဋ ) ယာဉ်ထိန်းရဲ စစ်ဆေးအရေးယူမှုလုပ်ငန်း
(ဌ ) ယာဉ်တိုက်မှုမှ ထိခိုက်ဒဏ်ရာရသူများအား အရေးပေါ်ကူညီပေးခြင်း
(ဍ ) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သုတေသနလုပ်ငန်း
(ဎ ) ယာဉ်တိုက်မှုကြောင့်ဆုံးရှုံးပျက်စီးမှု
(ဏ) ပေါင်းစပ်ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု
၁၁။ အာဆီယံ (၁၀) နိုင်ငံတွင် နိုင်ငံအဆင့်လုပ်ငန်း စီမံချက်များပြုစုပြီးရာ အဆိုပါလုပ်ငန်းစီမံချက်များ အပေါ်အခြေခံ၍ အာဆီယံဒေသတစ်ခုလုံးနှင့် ကိုက်ညီ သည့် လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၀၄ ခုနှစ်၊ မေလ (၁၉-၂၁)ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင်ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲမှ အာဆီယံဒေသတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် (၂၀၀၅-၂၀၁၀) (ASEAN Regional Road Safety Strategy and Action Plan)ကို ရေးဆွဲခဲ့ပါသည်။
၁၂။ ထို့ပြင် ၂၀၀၈ ခုနှစ်၊မေလ(၂၇၊ ၂၉)ရက်နေ့တွင် ဖိလစ်ပိုင်နိ်ုင်ငံ၌ ကျင်းပ ခဲ့သော (၂၅)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးတွင် ဖိလစ်ပိုင်နိုင်ငံမှ ASEAN Multi-Sectoral Road Safety Working Group တစ်ခုဖွဲ့စည်းထားရန် အဆိုပြုခဲ့ပါသည်။ ထိုသို့ ASEAN Multi-Sectoral Road Safety Working Group ၏ ဆောင်ရွက်ရမည့်လုပ်ငန်း နယ်ပယ်တွင် အောက်ဖော်ပြပါတို့ကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်-
(က) ယာဉ်အန္တရာယ် ကင်းရှင်းရေးကိစ္စများနှင့် ပတ်သက်၍ လုပ်ငန်းများကို ပိုမိုထိရောက် အောင် ဆောင်ရွက်ရန်
(ခ) ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်နေသည်ကို ကြီးကြပ်ကွပ်ကဲရန်
(ဂ) အာဆီယံဒေသတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ငွေကြေးအထောက်အပံ့ ပေးသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
၁၃။ ဖိလစ်ပိုင်နိုင်ငံ၏ အဆိုပြုချက်ဖြစ်သော ASEAN Multi-Sectoral Road Safety Working Group ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၂၀-၂၁)ရက်နေ့တို့တွင် ဘရူနိုင်းနိ်ုင်ငံ၌ ကျင်းပခဲ့သော (၁၄)ကြိမ်မြောက် အာဆီယံ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (The 14th ASEAN Land Transport Working Group Meeting) တွင် သဘောတူညီမှုရရှိခဲ့ပါသည်။
၁၄။ အာရှဖွံ့ဖြိုးရေးဘဏ်-အာဆီယံ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းအစီအစဉ်၏ နောက်ဆုံးအခြေအနေမှာ မြန်မာနိုင်ငံအမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက် (National Road Safety Action Plan 2010-2020) ကို ရေးဆွဲပြုစုကာ အာဆီယံအတွင်းရေး မှူးချုပ်ရုံးသို့ တင်ပြရပါမည်။ အာဆီယံ(၁၀)နိုင်ငံမှ စုစည်းတင်ပြလာသည့် National Road Safety Action Plans များအပေါ် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ကာ ASEAN Regional Road Safety Action Plan Strategy (2010-2020) ထွက်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။